NUG ရဲ့ တော်လှန်ရေး ကြေညာချက်အပေါ် နိုင်ငံတကာ တုံ့ပြန်မှု
မြန်မာနိုင်ငံထဲ လူသားချင်း စာနာနားလည်မှု ဆိုင်ရာ အကူအညီတွေ ပေးနိုင်ဖို့ရာ အကြမ်းပတမ်းနဲ့ သွေးထွက်သံယို ဖြစ်ရပ်တွေ မပေါ်ပေါက်အောင် ဘက်အားလုံး၊ အဖွဲ့အားလုံး အနေနဲ့ ထိန်းထိန်းသိမ်းသိမ်း လုပ်ဆောင်ကြဖို့ နိုင်ငံတကာ တိုက်တွန်းသံတွေ ထွက်ပေါ် လာပါတယ်။
စစ်အုပ်ချုပ်ရေးကို တနိုင်ငံလုံး တွန်းလှန်တိုက်ခိုက်ကြဖို့ အမျိုးသား ညီညွတ်ရေး အစိုးရ NUG က စက်တင်ဘာ ၇ ရက်နေ့မှာ ကြေညာလိုက် အပြီး အခုလို တုံ့ပြန်သံတွေ ထွက်ပေါ် လာတာ ဖြစ်ပါတယ်။
NUG ရဲ့ ကြေညာချက်ဟာ အာဏာသိမ်း စစ်တပ်ကို ဖယ်ရှားရေးမှာ စစ်ရေးအရ လက်တုံ့ပြန် ဖြေရှင်းမယ့် လမ်းကို တရားဝင် ကြေညာ တိုက်ပွဲခေါ်လိုက်တာ ဆိုပြီး ကျယ်ကျယ်ပြန့်ပြန့် ရှုမြင် နေကြပါတယ်။ ဒါ့ကြောင့် စက်တင်ဘာ ၇ ရက်နေ့ကို လက်နက်ကိုင်တော်လှန်ရေး စတင်လိုက်တဲ့ နေ့ "ဒီ-ဒေး" D-Day ဆိုပြီး ပြည်တွင်းမှာလည်း ရည်ညွှန်း ပြောကြတာ မျိုးတွေလည်း ရှိပါတယ်။
ဒေသတွင်း အာဆီယံနဲ့ အနောက်အုပ်စု နိုင်ငံတွေ ဆီက ကနဦး ထွက်ရှိလာပြီ ဖြစ်တဲ့ တုံ့ပြန်မှုတွေ ကို ကြည့်ရင်တော့ NUG ရဲ့ တော်လှန်ရေး ကြေညာချက် အပေါ် စိုးရိမ်မကင်း ဖြစ်ကြတဲ့ သဘောထားတွေ ထင်ဟပ် နေပါတယ်။
အဓိကကတော့ မြန်မာနိုင်ငံထဲမှာ ရှိနှင့်ပြီး လက်နက်ကိုင် ပဋိပက္ခတွေကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေး နေကြရသူတွေရဲ့ အရေး၊ စစ်အာဏာသိမ်းမှု နောက်ဆက်တွဲ ပေါ်ထွန်းလာတဲ့ လူမှု-စီးပွား ဒုက္ခတွေကို သက်သာ ဖြေလျှော့ပေးရေးနဲ့ ကိုဗစ် တတိယလှိုင်းဒဏ်ကို ဆိုးဆိုးရွားရွား ခံစားခဲ့ရတဲ့ အတွက် ကာကွယ်ဆေး ထိုးပေးနိုင်ရေး အပါအဝင် ရောဂါကို ထိန်းချုပ် ကိုင်တွယ်ရေး နိုင်ငံတကာ အကူအညီ အထောက်အပံ့တွေ အပေါ် NUG ရဲ့ တော်လှန်ရေး ကြေညာချက်က လာပြီး သက်ရောက် ရိုက်ခတ်လာမှာကို စိုးရိမ်နေကြတာ ဖြစ်တယ်လို့ နားလည်ရပါတယ်။
စစ်ရေးနဲ့ ဖြေရှင်းတဲ့လမ်းကို အားမပေးလိုတဲ့ သဘော ယူကေသံအမတ်ပြော
NUG ရဲ့ တော်လှန်ရေး ကြေညာချက် အပေါ် သဘောထား ဆိုပြီး ယူကေနိုင်ငံက တိုက်ရိုက် မပြောပေမယ့်၊ ဒီမိုကရေစီ ပြန်လည် ထူထောင်ရေးအတွက် ငြိမ်းချမ်းစွာ ကြိုးပမ်း အားထုတ်မှုကို ယူကေ အစိုးရက ထောက်ခံကြောင်းနဲ့ ပဋိပက္ခတွေ နောက်ထပ် ဖြစ်လာရင် ကိုဗစ် ကိုင်တွယ်ရေး အပါအဝင် စာနာနားလည်မှု ဆိုင်ရာ အကူအညီပေးရေးတွေ အပေါ် ထိခိုက် လိမ့်မယ် ဆိုပြီး ပြောလာပါတယ်။
NUG ရဲ့ တော်လှန်ရေး ကြေညာချက် ထွက်ပေါ် လာခဲ့တဲ့ စက်တင်ဘာ ၇ ရက်နေ့ တစ်ရက်တည်း မှာပဲ မြန်မာဆိုင်ရာ သံအမတ်အဖြစ် စစ်ကောင်စီလက်ထက်မှာ ဘောရစ်ဂျွန်ဆင် အစိုးရက ဇူလိုင်လ တုန်းက ခန့်ထားတဲ့ သံအမတ် ပိ(ထ) ဗောင်းစ် Pete Vowles က ယူကေ အစိုးရရဲ့ ရပ်တည်မှု သဘောထား အာဘော် အနေနဲ့ ထုတ်ပြန်တာ ဖြစ်ပါတယ်။
မစ္စတာ ဗောင်းစ်က စစ်အာဏာသိမ်းမှုနဲ့ ရက်စက်ကြမ်းကြုတ်မှုတွေ အပေါ် ရှုတ်ချကြောင်း ထပ်လောင်း ပြောရင်းမှာပဲ တွေ့ဆုံ ဆွေးနွေး အဖြေရှာရေး လမ်းကို လိုက်ကြဖို့ သက်ဆိုင်ရာ အဖွဲ့အားလုံးကို တိုက်တွန်းထားတာ တွေ့ရပါတယ်။
ယူကေရဲ့ ရပ်တည်မှုကို ခြုံငုံပြီး ကြည့်ရင် သံခင်းတမန်ခင်း ကိစ္စတွေမှာ နိုင်ငံ State ကို အသိအမှတ်ပြုခြင်း ဆိုတဲ့ အခြေခံမူ အပေါ်မှာ ရပ်တည်ပြီး လန်ဒန်မြို့ မြန်မာ သံရုံးကို ထိန်းချုပ်ရေး အတွက် စစ်ကောင်စီရဲ့ လုပ်ရပ်တွေကို ဝင်ရောက် စွက်ဖက်တာမျိုး မလုပ်သလို၊ ဇူလိုင်လကပဲ ရန်ကုန်မှာ ထားတဲ့ ယူကေ သံအမတ် နေရာမှာလဲ လူအသစ် ခန့်အပ် ထားရှိမျိုး ပြုလုပ်ပါတယ်။
ကုလသမဂ္ဂ မျက်နှာစာမှာတော့ လုံခြုံရေးကောင်စီလို ဩဇာကြီးတဲ့ နေရာမျိုးမှာ မြန်မာ အရေးနဲ့ ပတ်သက်ပြီး အာရီယာ ဖော်မြူလာ အစည်းအဝေး လို့ခေါ်တဲ့ အလွတ် သဘော ဆွေးနွေးမှုတွေကို ကုလဆိုင်ရာ ဗြိတိသျှ သံအမတ် မစ္စ ဘာဘရာ ဝုဒ်ဝါ့ဒ်က ကမကထလုပ် ကျင်းပ ခေါ်ယူပြီး NUG ကိုယ်စားလှယ်တွေကိုပါ ဝင်ရောက် ပြောဆို စကားပြောတာမျိုးတွေ ရှိခဲ့ပါတယ်။
စစ်အာဏာသိမ်းမှု လုပ်ရပ်အပေါ် တုံ့ပြန် အရေးယူတဲ့ အနေနဲ့ ထိပ်တန်း မြန်မာ စစ်ဗိုလ်ချုပ်တွေ အပါအဝင် စစ်တပ်နဲ့ ပတ်သက်ဆက်စပ် နေတဲ့ စီးပွားရေးလုပ်ငန်းတွေ၊ လူပုဂ္ဂိုလ် အဖွဲ့အစည်းတွေ အပေါ် ပိတ်ဆို့ အရေးယူမှု ချမှတ်တာတွေ အမေရိကန်နဲ့ အီးယူတို့လိုပဲ လုပ်ဆောင်ပါတယ်။
လောလောလတ်လတ် စက်တင်ဘာ လ၊ မကြာခင် ရက်ပိုင်းကပဲ စစ်တပ်နဲ့ နီးစပ်ပြီး စစ်တပ် အပေါ် အကျိုး ဖြစ်ထွန်းနေစေလို့ ဆိုတဲ့ ရှုမြင်မှုမျိုးနဲ့ ဦးတေဇနဲ့ သူ့ရဲ့ 'ထူး'စီးပွားရေး လုပ်ငန်းစု အပေါ် အရေးယူ ပိတ်ပင်မှုတွေ ချမှတ်ကြောင်း ဗြိတိသျှ နိုင်ငံခြားရေး ဝန်ကြီး ဒေါမနစ် ရာ့ဘ်က ကြေညာထားပါတယ်။
အမေရိကန်ကရော ဘာပြောလဲ ......
NUG ရဲ့ ကြေညာချက် အပေါ် အမေရိကန် အစိုးရ ဒါမှမဟုတ် နိုင်ငံခြားရေးဌာနရဲ့ သဘောထား ဆိုပြီး လူသိရှင်ကြား ထုတ်ပြန်တာမျိုး မရှိသေးပါဘူး။
ဒါပေမယ့် အမေရိကန် အခြေစိုက် လွတ်လပ်တဲ့အာရှအသံ မြန်မာပိုင်း ဌာန RFA Burmese ရဲ့ အီးမေးလ်က တဆင့် မေးမြန်းမှုကိုတော့ နိုင်ငံခြားရေးဌာန ပြောခွင့်ရ တစ်ယောက်က တုံ့ပြန် ဖြေကြား ခဲ့တယ်လို့ ဆိုပါတယ်။
RFA ရဲ့ ပြောဆိုချက်အရ မြန်မာ့ အကျပ်အတည်းကို လက်နက်ကိုင်နည်းနဲ့ ဖြေရှင်းဖို့ ကြိုးပမ်းမှုတွေ အပေါ် လက်မခံကြောင်း အမေရိကန် နိုင်ငံခြားရေး ဌာန ပြောခွင့်ရသူက တုံ့ပြန် ဖြေကြားတယ်လို့ ဆိုပါတယ်။
NUG ရဲ့ ကြေညာချက်ကို အမေရိကန် အနေနဲ့ သတိထားမိပြီး၊ မြန်မာနိုင်ငံ အကျပ်အတည်း ပြဿနာတွေကို အကြမ်းဖက်နည်းနဲ့ ဖြေရှင်းတာမျိုးကို အမေရိကန် ပြည်ထောင်စု အနေနဲ့ လက်မခံကြောင်း၊ ငြိမ်းငြိမ်းချမ်းချမ်း ဖြေရှင်းကြဖို့ တိုက်တွန်းကြောင်း အီးမေးလ်ကနေ တုံ့ပြန် ဖြေကြားခဲ့တယ်လို့ RFA မြန်မာပိုင်းက သတင်း ထုတ်ပြန်ထားပါတယ်။
အမေရိကန် နိုင်ငံခြားရေးဌာနက အာရုံစိုက် ပြောတဲ့ အထဲ ဗြိတိန် သံအမတ် ပြောသလိုပဲ ကိုဗစ်ရောဂါ ထိန်းချုပ် ကိုင်တွယ်ရေး ကိစ္စနဲ့ လူသားချင်း စာနာနားလည်မှု ဆိုင်ရာ အကူအညီတွေ ပေးနိုင်ရေးတို့ဟာ လက်နက်ကိုင် နည်းလမ်းကြောင့် ထိခိုက်မှာကို မလိုလားတဲ့ သဘောထားတွေ ထင်ဟပ်နေတာ တွေ့ရပါတယ်။
စာနာမှု အကူအညီတွေ မြန်မာပြည်ထဲ ဝင်လာပြီး လိုအပ်နေသူတွေ အားလုံးထံ တန်းတူ ညီမျှမှု ရှိရှိ၊ ဘေးအန္တရာယ်ကင်းကင်း အရောက်ပို့ပေးနိုင်ဖို့ ဆိုရင် တည်ငြိမ် အေးချမ်းတဲ့ ပတ်ဝန်းကျင် အခြေအနေကောင်းတွေ ရှိနေဖို့လိုတယ် ဆိုပြီး အမေရိကန် နိုင်ငံခြားရေးဌာနက ထောက်ပြထားတာ တွေ့ရပါတယ်။
အာဏာသိမ်း စစ်တပ် အနေနဲ့လည်း အကြမ်းဖက် တိုက်ခိုက်တာတွေ အားလုံး ရပ်တန့်ဖို့၊ ဒီမိုကရေစီ လမ်းကြောင်း အပေါ် ပြန်ရောက်အောင် လုပ်ဖို့နဲ့ မတရား ဖမ်းဆီးထားသူတွေ အားလုံးကို ပြန်လွှတ်ပေးဖို့ အမေရိကန်က ဆက်လက် တောင်းဆိုထာတယ်လို့ အာအက်ဖ်အေ သတင်းထဲ တွေ့ရပါတယ်။
ဒေသတွင်းက အသံတွေ ....
"မြန်မာပြည်သူတွေ အားလုံးရဲ့ လုံခြုံရေး၊ ကျန်းမာရေး တို့ကို အဖွဲ့အားလုံး အနေနဲ့ ဦးစားပေးဖို့ မဖြစ်မနေ လိုအပ်တယ်" ဆိုပြီး အင်ဒိုနီးရှား နိုင်ငံခြားရေး ဌာနရဲ့ ပြောခွင့်ရ တူကူ ဖိုင်ဇာရှာ Teuku Faizasyah က ရိုက်တာ သတင်းဌာနကို ပြောပါတယ်။
မစ္စတာ ဖိုင်ဇာရှာ ပြောတာကို ကြည့်ရင်လည်း မြန်မာပြည်ထဲ လက်တွေ့ မြေပြင် အခြေအနေ လုံခြုံမှပဲ စာနာမှု အကူအညီတွေ ပေးနိုင်မှာ ဖြစ်တယ် ဆိုတဲ့ အချက်ကို ဦးစားပေး ထောက်ပြ ထားတာ တွေ့ရပါတယ်။
မြန်မာပြည် စစ်အာဏာ တကျော့ပြန် သိမ်းခံလိုက်ရတဲ့ ကနဦး လပိုင်းတွေမှာကလည်းက အင်ဒိုနီးရှားဟာ မြန်မာအရေး အာဆီယံ အထူး အစည်းအဝေး တစ်ရပ် ဖြစ်လာအောင် ကမကထလုပ် ဆော်ဩခဲ့တဲ့ နိုင်ငံ ဖြစ်ပါတယ်။
အဲဒီ ဆော်ဩမှုကနေ အာဆီယံ အတွင်းရေးမှူးချုပ် ရုံးစိုက်ရာ အင်ဒိုနီးရှား နိုင်ငံ ဂျကာတာ မြို့တော်မှာ မြန်မာအရေး အာဆီယံ ခေါင်းဆောင်တွေရဲ့ ဆွေးနွေးပွဲ အကောင်အထည် ပေါ်လာပြီး အာဆီယံ သဘောတူ မှု ၅ ချက် ဆိုတာ ရလာတာ ဖြစ်ပါတယ်။
အဲဒီ သဘောတူမှု ၅ ချက် အရ ထားရှိလာတဲ့ မြန်မာဆိုင်ရာ အာဆီယံ အထူးသံ ဘရူနိုင်း နိုင်ငံခြားရေး ဝန်ကြီး ၂ ဒါတို အီရာဝန် ယူဆွဖ်ကလည်း NUG ရဲ့ ကြေညာချက် မထွက်ခင် လေးမှာပဲ မြန်မာပြည်ထဲ စာနာမှု ဆိုင်ရာ အထောက်အပံ့တွေ ပေးနိုင်ရေး၊ ကိုဗစ် ထိန်းချုပ် နိုင်ရေး ဒီနှစ်ကုန် အထိ အပစ်အခတ် ရပ်ဆိုင်းထားပေးဖို့ တောင်းဆို ထားပါတယ်။
အဲဒီ တောင်းဆိုမှုတွေ အပေါ် စစ်ကောင်စီခန့် နိုင်ငံခြားရေး ဝန်ကြီးကလည်း လက်ခံတယ်လို့ ဒါတို အီရာဝန် ယူဆွဖ်က ဆိုပါတယ်။
ဒီတော့ အာဆီယံ အထူးသံရဲ့ အဆိုအရ အပစ်ရပ်ဖို့ ဆိုတာ မြန်မာစစ်တပ်က မူသဘော ငြင်းပယ်မှု မရှိဘူး ဆိုတဲ့ အခြေအနေမှာ NUG ရဲ့ တော်လှန်ရေး ကြေညာချက် ထွက်လာတာ ဖြစ်ပါတယ်။
အာဆီယံ အထူးသံ ခန့်ထားတဲ့ ကိစ္စရပ် အပါအဝင်၊ အာဆီယံ ကြားဝင်ရေး လမ်းကြောင်း တစ်ခုလုံး အပေါ် မြန်မာ ဒီမိုကရက်တစ် အင်အားစုတွေနဲ့ကြား တိုင်ပင် ဆွေးနွေးတာမျိုး၊ အကြံဉာဏ်တွေ သဘောထားတွေ ရယူ တောင်းခံတာမျိုး မရှိပဲ အာဏာသိမ်း စစ်တပ်နဲ့ကြားမှာသာ ထိတွေ့ ဆက်ဆံပြီး လုပ်ဆောင်နေတာ ဖြစ်တယ်ဆိုတဲ့ သဘောထားအမြင်မျိုးတွေ တစ်ဘက်မှာ ကျယ်ကျယ်ပြန့်ပြန့် ရှိနေပါတယ်။
ဒါတို အီရာဝန်ယူဆွဖ်ကတော့ အပစ်ရပ်ကြရေး သူ့ရဲ့ ပန်ကြားမှုကို သက်ဆိုင်တဲ့ အဖွဲ့တွေ အားလုံးထံကို တိုက်ရိုက်မဟုတ်တောင် သွယ်ဝိုက်တဲ့ နည်းတွေ၊ လမ်းကြောင်းတွေကနေ တဆင့် ပို့ထားတယ်လို့ ဆိုပါတယ်။
နိုင်ငံတကာ ပဋိပက္ခတွေ လေ့လာ စောင့်ကြည့်ရေး၊ ဖြေရှင်းရေးမှာ ကျွမ်းကျင်သူ သုခမိန် အဖွဲ့ ဖြစ်တဲ့ ICG အဖွဲ့က မြန်မာအရေး ပညာရှင် ရစ်ချက် ဟော်ဇီကတော့ NUG ရဲ့ ကြေညာချက်ဟာ မြန်မာပြည်သူတွေ ဆီက ထောက်ခံမှု အခိုင်အမာရတာကို လူမှုကွန်ရက်တွေပေါ်မှာ တွေ့မြင် နေရတယ်လို့ ဆိုပါတယ်။
ဒါပေမယ့် NUG အနေနဲ့ လက်နက်ကိုင် တပ်တွေကို ဘယ်လောက် အနေအထားအထိ အဆင်သင့် ဖြစ်အောင် ပြင်ဆင်ထားနှင်ပြီးပြီလဲ၊ လက်နက် အပြည့်အစုံ တပ်ဆင်ထားတဲ့ မြန်မာ စစ်တပ်နဲ့ကြား တိုက်ပွဲတွေ အရှိန်မြှင့် ပေါ်ပေါက်လာအောင် ဖော်ဆောင်နိုင်စွမ်း ရှိနေပြီလား ဆိုတာကတော့ စောင့်ကြည့်ရဦးမှာ ဖြစ်တယ်လို့ မစ္စတာ ဟော်ဇီက ဆိုပါတယ်။
ဒါ့အပြင် NUG ရဲ့ အခုလို စစ်ရေး ကြေညာချက် အပေါ် ထောက်ခံကြောင်း ကမ္ဘာ့ နိုင်ငံတွေက ပြောဖို့ ခက်လိမ့်မယ်လို့လည်း မစ္စတာ ဟော်ဇီက သုံးသပ်ပါတယ်။ ဒါ့ကြောင့် ဒီမိုကရေစီရေး အားပေးတဲ့ မိတ်ဖက် ဆက်ဆံရေးရှိတဲ့ နိုင်ငံတွေနဲ့ကြား NUG အနေနဲ့ သံခင်းတမန်ခင်းအရ ဘယ်လို ဆက်လက် ထိန်းသိမ်း သွားမလဲ ဆိုတာလည်း စောင့်ကြရဦးမှာ ဖြစ်ပါတယ်။
ပြည်တွင်းက သဘောထား .....
တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ အနေနဲ့လည်း စစ်ကောင်စီတပ်တွေကို တိုက်ခိုက်ပြီး ကိုယ့်နယ်မြေကို အခိုင်အမာ ထိန်းချုပ်ကြပါ ဆိုပြီး NUG ရဲ့ ထုတ်ပြန်ချက်ထဲ တိုက်တွန်းထားတာ တွေ့ရပါတယ်။
လက်တွေ့မြေပြင်မှာ တိုက်ပွဲတွေလည်း ဆက်ရှိနေပြီး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေထဲ အင်အားအတောင့်ဆုံး အဖွဲ့တွေ အဖြစ် ရှုမြင်ခံရတဲ့ ကရင် KNU နဲ့ ကချင် KIA အဖွဲ့တွေဆီက NUG ရဲ့ ကြေညာချက် အပေါ် တိုက်ရိုက် သဘေားထား ဆိုပြီး ပြောဆို ထုတ်ပြန်လာတာမျိုး မတွေ့ရသေးပါဘူး။
တဖွဲ့ချင်းစီရဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေ၊ ပြန်ကြားရေး တာဝန်ခံတွေရဲ့ ဘီဘီစီကို ပြောဆိုချက်တွေ အရတော့ NUG ရဲ့ ကြေညာချက်ဟာ စစ်ရေး လမ်းကို လိုက်မယ့် တရားဝင် ပြောဆိုမှု၊ လူထုကို တပ်လှန့်တဲ့ တိုက်ပွဲ ခေါ်သံ အဖြစ် သုံးသပ်ကြပါတယ်။
NUG နဲ့ ပူးပေါင်း တိုက်ခိုက်မယ်ဆိုတဲ့ စကားမျိုး တိုက်ရိုက် ပြောဆိုတာမျိုး မရှိပေမယ့်၊ ကိုယ့် နယ်မြေ ဒေသကို ထိန်းချုပ် ကာကွယ်ရေး ဆိုတဲ့ အခြေခံ သဘောထား အပေါ်မှာတော့ အငြင်းပွားဖွယ်ရာ မရှိ လက်ခံတဲ့ သဘောထားမျိုးတွေကိုလည်း တွေ့ရပါတယ်။